(၂၄)နှစ်ကြာ ကွဲကွာခဲ့ရတဲ့ သားအဖနှစ်ယောက်ရဲ့ ကြည်နူးဖွယ် အဖြစ်အပျက်

တရုတ်ပြည် အနောက်တောင်ပိုင်းက ဖခင်တစ်ဦးဟာ နောက်ဆုံးမှာတော့ နှစ်ပေါင်း(၂၄)နှစ်နီးပါးကြာအောင် ပျောက်ဆုံးနေခဲ့တဲ့ သားဖြစ်သူနဲ့ပြန်လည်ဆုံတွေ့နိုင်ပြီ ဖြစ်ပါတယ်။ ဇနီးမောင်နှံတွေဖြစ်ကြတဲ့ လီရွှန်းဂျီနဲ့ ဒူလီတို့ဟာ (၁၉၉၄)ခုနှစ် သြဂုတ်လ(၈)ရက်တုန်းက ရှီအန်းမြို့ လူသွားလူလာများတဲ့ လမ်းပေါ်မှာ သုံးနှစ်အရွယ် သားဖြစ်သူကို ဆုံးရှုံးခဲ့တာပါ။

ပြီးခဲ့တဲ့ သောကြာနေ့မှာတော့ ပျောက်ဆုံးသွားခဲ့တဲ့ သားဖြစ်သူ လီလိုင်ကို ဒေသခံရဲအဖွဲ့ရဲ့ အကူအညီနဲ့ တွေ့ရှိခဲ့ပါပြီ။ အသက်(၂၇)နှစ် ရှိနေပြီဖြစ်တဲ့ လီလိုင်ဟာ နောက်ဆုံးမှာတော့ ဖခင်ရင်းဖြစ်သူ လီရွှန်းဂျီနဲ့ပြန်လည် ဆုံတွေ့နိုင်ပြီဖြစ်ပါတယ်။

လီရွှန်းဂျီက သားဖြစ်သူ ပျောက်ဆုံးသွားခဲ့ပုံကို တွေးတောရင်း “ကျွန်တော့်ဆိုင်မှာ အ၀တ်တွေ တင်ရောင်းဖို့ အိမ်ကနေထွက်လာခဲ့တယ်။ ကျွန်တော် ထွက်လာတာကို သားလေးက အနောက်ကနေ လိုက်လာလိမ့်မယ်လို့ မထင်ထားမိဘူး။ နောက်တော့ အမျိုးသမီးက ဆိုင်ကို လိုက်လာပြီး ကလေးပျောက်သွားပြီ ဆိုတော့မှသိတာ။ ခြေထောက်တွေတောင် ရုတ်တရက် အကြောဆိုင်းသွားတယ်” လို့ပြောပြပါတယ်။

ခြေဦးတည့်ရာ လျှောက်သွားနေတဲ့ လီလိုင်ကို စုံတွဲတစ်တွဲက တွေ့ရှိခဲ့ပြီး မိဘတွေကိုလည်း ရှာမတွေ့တာကြောင့် ကလေးကို မွေးစားဖို့ ခေါ်သွားခဲ့ကြပါတယ်။ ကံကောင်းတာကတော့ လီလိုင်ရဲ့မွေးစားမိဘတွေဟာ လီလိုင်ကို သားအရင်းလေးလို ပြုစုစောင့်ရှောက်ခဲ့ကြတာပါ။ သားဖြစ်သူ ပျောက်ဆုံးသွားပြီးနောက်မှာ လီရွှန်းဂျီဟာ သူ့လုပ်ငန်းကို ရောင်းချပြီး နိုင်ငံအနှံ့ ခရီးထွက်ကာ သားပျောက်ရှာပုံတော် ဖွင့်ခဲ့ပါတယ်။ လူပျောက်ကြော်ငြာစာ သိန်းချီရိုက်နှိပ်ပြီး ကြော်ငြာတွေကို နိုင်လွန်အိတ်ထဲထည့်ကာ ပြည်နယ်အသီးသီးဆီမှာ လိုက်လံဖြန့်ဝေခဲ့ပါတယ်။

ဒီလိုနဲ့ တစ်နေ့မှာတော့ ကံကောင်းခြင်းသတင်းက ဆိုက်ရောက်လာခဲ့ပါတယ်။ ဒေသခံရဲတပ်ဖွဲ့ဟာ လီလိုင်ကို ပျောက်ဆုံးကလေးတွေအတွက် စုစည်းထားတဲ့နိုင်ငံပိုင် ဒီအန်အေအချက်အလက်ထဲမှာ တွေ့ရှိခဲ့ကြပါတယ်။ သားအဖနှစ်ယောက်ဆုံစည်းကြတဲ့ပွဲလေးဟာ မျက်ရည်မဆည်နိုင်လောက်အောင် ဖြစ်ရပါတယ်။ ငိုနေတဲ့ဖခင်ဖြစ်တဲ့ လီရွှန်းဂျီဟာ အရွယ်ရောက်နေပြီဖြစ်တဲ့ သားဖြစ်သူကိုမြင်တာနဲ့ ဒူးတွေတောင် ညွတ်ကျသွားခဲ့ရပါတယ်။ သားဖြစ်တဲ့လီလိုင်ဟာလည်း စိတ်လှုပ်ရှားစွာနဲ့ ဖခင်ဖြစ်တဲ့သူကို အကြာကြီးဖက်ထားတာကိုလည်း ပုံတွေမှာ မြင်တွေ့ရမှာဖြစ်ပါတယ်။
လင်းလင်း (Shwemom)
Ref: Dailymail
Leave a Comment