စစ်အတွင်းမှာ ထီးတစ်ချောင်းနဲ့ ဂျာမန်စစ်သားတွေကို ခုခံခဲ့တဲ့ ဗြိတိသျှလေတပ်ဗိုလ်မှုး

ဗြိတိန်လေတပ်ဗိုလ်မှုးတစ်ဦးဖြစ်တဲ့ ဒစ်ဂ်ဘီတာသမ်ဝါတာဟာ ဒုတိယကမ္ဘာစစ်အတွင်းမှာ ဂျာမန်အထူးတပ်ဖွဲ့တွေကို ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ခဲ့သူ ဖြစ်ပါတယ်။ စစ်မြေပြင်ကို ထီးတစ်ချောင်းသယ်လာပြီး ဂျာမန်စစ်သားတွေကို ခုခံခဲ့သူအဖြစ် ဒစ်ဂ်ဘီဟာ ဗြိတိန်စစ်သမိုင်းမှာ ထင်ရှားပါတယ်။
နာဇီတွေကိုချေမှုန်းဖို့ Operation Market Garden ရဲ့စစ်ဆင်ရေးတစ်ခုဖြစ်တဲ့ အာဟမ်စစ်ပွဲဆီသွားရာမှာ ဒစ်ဂ်ဘီဟာ ထီးတစ်ချောင်းကိုပါ သူ့အသုံးဆောင်အဖြစ်နဲ့ စစ်မြေပြင်ဆီကိုသယ်သွားခဲ့ပါတယ်။ ဒစ်ဂ်ဘီဟာ လျို့ဝှက်သင်္ကေတနံပတ်တွေကို မှတ်သားရာမှာ အခက်အခဲရှိသူတစ်ဦးဖြစ်ပါတယ်။ ထီးသယ်ရတဲ့အကြောင်းက စစ်မြေပြင်မှာ ရူးနှမ်းနှမ်းအင်္ဂလန်လူမျိုးတစ်ယောက်အဖြစ် အထင်ခံလိုတာကြောင့်ဖြစ်တယ်လို့ ဒစ်ဂ်ဘီက ဆိုပါတယ်။
ဒစ်ဂ်ဘီတို့အဖွဲ့ဟာ တိုက်ပွဲအချက်အခြာနေရာဖြစ်တဲ့ အာဟမ်တံတားနဲ့ အတန်ငယ်ကွာဝေးတဲ့နေရာမှာလေယာဉ်ဆင်းသက်ပြီး အာဟမ်မြို့ကို ခြေကျင်ဖြတ်သန်းသွားရမှာဖြစ်ပါတယ်။ ဒါပေမယ့် မြို့ထဲကလမ်းတွေကတော့ ဂျာမန်စစ်သားတွေပိတ်ထားတာကြောင့် တံတားဆီရောက်ဖို့ဂျာမန်တွေကိုဖြတ်ကျော်သွားမှဖြစ်မှာပါ။
ဒစ်ဂ်ဘီဟာ ဂျာမန်တွေကိုရှောင်ဖို့သူ့အဖွဲ့ကို အနီးအပါးအိမ်တွေရဲ့အိမ်နောက်ဖေးခြံကနေ ဖြတ်သန်းသွားဖို့ဦးဆောင်ခဲ့ပါတယ်။ လမ်းမှာဖမ်းဆီးရသမျှဂျာမန်အထူးတပ်ဖွဲ့ဝင် (၁၅၀) အပါအ၀င် ဒစ်ဂ်ဘီနဲ့အဖွဲ့ဟာ တိုက်ပွဲရှိရာ(၈)မိုင်ခရီးကို(၇)နာရီကြာအောင်သွားခဲ့ပါတယ်။ အာဟမ်စစ်ပွဲမှာဒစ်ဂ်ဘီဟာ ဟဲလ်မက်ဦးထုပ်အစား အနီရောင်ဦးထုပ်ကိုဝတ်ထားခဲ့ပြီး အမြှောက်တွေပစ်နေတဲ့ကြားထဲက သူ့ထီးကိုဝှေ့ယမ်းပြီးတိုက်ပွဲထဲမှာ လမ်းလျှောက်ခဲ့တာဖြစ်ပါတယ်။
ဂျာမန်တွေဟာ အာဟမ်တံတားကို စတင်ပြီး ဖြတ်သန်းတဲ့အခါမှာတော့ ဒစ်ဂ်ဘီဟာ ချာလီချက်ပလင်ဝတ်ဆင်လေ့ရှိတဲ့ဦးထုပ်လို ဘောင်လာဦးထုပ်ဝတ်ဆင်ပြီး လှံစွပ်ကိုင်တပ်သားတွေကို တိုက်ခိုက်ဖို့အမိန့်ပေးခဲ့ပါတယ်။ စစ်ပွဲအတွင်း ဗြိတိန်စစ်တပ်မှာအမှုထမ်းတဲ့ခရစ်ယာန်ဘုန်းကြီးတစ်ယောက်ဟာ လမ်းတစ်ဖက်မှာရှိနေတဲ့ဒဏ်ရာရနေတဲ့စစ်သားတွေဆီကိုသွားဖို့ အခက်အခဲဖြစ်နေချိန်မှာလည်း ဒစ်ဂ်ဘီဟာ ရန်သူကျည်ဆံတွေကြားက ဘုန်းကြီးကိုထီးနဲ့ကာပြီး လိုရာပို့ပေးခဲ့ပါတယ်။
ဒါ့အပြင် ဒစ်ဂ်ဘီဟာ ရန်သူတင့်ကားရဲ့ မြင်ကွင်းကြည့်ပေါက်ထဲကို ထီးထိုးထည့်ပြီး တင့်ကားမောင်းတဲ့သူကို အမှန်တကယ် ဒဏ်ရာရအောင်လုပ်ခဲ့တယ်လို့လည်းအချို့သတင်းတွေက ဆိုထားပါတယ်။ ထူးထူးခြားခြားထီးတစ်ချောင်းနဲ့ ရင်သူတွေကို မကြောက်မရွံ့ရင်ဆိုင်ခဲ့တဲ့ ဒစ်ဂ်ဘီရဲ့ သူရသတ္တိကတော့အတုယူလောက်စရာပါပဲ။ စစ်အပြီးမှာ (၁၉၄၆)ခုနှစ်မှာ ဒစ်ဂ်ဘီဟာ အီဘာရူနဲ့ နန်ယူကီနယ်မြေတွေကို ၀ယ်ခဲ့ပြီး နောက်ပိုင်းမှာတော့ စစ်တပ်ကနေ အငြိမ်းစားယူလိုက်ပါတယ်။ (၁၉၉၃)ခုနှစ် မတ်လ(၂၁)ရက် နန်ယူကီမှာ ကွယ်လွန်သွားခဲ့တယ်လို့သိရပါတယ်။
လင်းလင်း (ShweMom)
Ref: warhistoryonline, wiki
Powered by Blogger.